နေပြည်တော်တွင် ယခုနှစ် နွေစပါးပေါ် ချိန်၌ စပါးဈေးနှုန်း ကျပ်ငါးသိန်းအောက်သာ ရရှိသည့်အပြင် စပါးဝယ်ယူသည့်ပွဲစားများ ကလည်း ၁၆ ပြည်ဆံ့တင်းတောင်းဖြင့် မခြင်တွယ်ဘဲ ၁၈ ပြည် (သို့မဟုတ်) ၁၉ ပြည်ဆံ့ တင်းတောင်းများဖြင့် ခြင်တွယ်ဝယ်ယူနေကြ သောကြောင့် စပါးရောင်းချသူ တောင်သူများ အဖို့ စိတ်မသက်သာဖွယ်ရာ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ဒက္ခိဏသီရိမြို့နယ် ထန်းတစ် ပင်ကျေးရွာနေ ကွင်းအမှတ် ၁၈၁၆ ပိုင် တောင်သူဦးမြရွှေက မေ ၁၈ ရက် နံနက်က ထုတ်ဖော်ပြောဆိုခဲ့သည်။
တင်းပိုဖြင့် ခြင်တွယ်ဝယ်ယူ
“ကျွန်တော်စိုက်တာက ထိုင်းနှံကောက် မျိုးဖြစ်ပါတယ်။ တစ်ဧက တင်း ၁၀ဝ-၁၂၀ ဝန်းကျင်တော့ တောင်သူတော်တော်များများ ထွက်ရှိကြပါတယ်။ စပါးဈေးနှုန်းက အခုမနက် တင် ရောင်းလိုက်တာ ကျပ် ၄၉၀ဝဝဝ ပဲရတယ်။ ယခင်နှစ်က ကျပ်ခြောက်သိန်းဝန်းကျင်ရခဲ့ တယ်။ ကျွန်တော်တို့တောင်သူတွေက မျိုးဖိုး ရယ်၊ ရိတ်သိမ်းခြွေလှေ့ စက်ငှားခရယ်၊ သွင်း အားစုတွေပါပေါင်းလိုက်ရင် အရင်းက ကျပ်သုံးသိန်းလောက် ရင်းနှီးရတယ်။ ဒါ့အပြင် စပါး ဝယ်တဲ့ပွဲစားများက ၁၈ ပြည် (သို့မဟုတ်) ၁၉ ပြည်ကိုက်တင်းတောင်းနဲ့ ဝယ်ယူနေကြ ပြန်တော့ ပိုပြီးကျပ်တည်းတာပေါ့။ စိတ်မသက်သာစရာပါပဲဗျာ”ဟု ၎င်းကဆက်လက်ရှင်းပြ သည်။
နေပြည်တော်အတွင်းရှိ နွေစပါးရိတ်သိမ်း ပြီး တောင်သူများမှာ မေ ၁၇ ရက် နံနက်တွင် စပါးဈေးနှုန်းကျပ် ၅၁၀,ဝဝဝ ဖြင့်ရောင်းချခဲ့ ကြရပြီး မေ ၁၈ ရက် နံနက်၌ ကျပ် ၄၉၀,ဝဝဝ ဖြင့် သာရောင်းချနေရကြောင်း သိရသည်။