မြန်မာ့ ကော်ဖီ ဈေးကွက် ဖွံ့ဖြိုးမှု နောက်ကျနေ

မြန်မာ့ ကော်ဖီသည် အရှေ့တောင် အာရှ ကော်ဖီစိုက်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးမှု နောက်ကျနေသေးကြောင်း ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူ က ယနေ့ မန္တလေးမြို့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် မြန်မာ့ ကော်ဖီ ဖိုရမ် ၂၀၁၉ တွင် ပြောသည်။

အရှေ့တောင် အာရှရှိ ကော်ဖီ စိုက်ပျိုးသော နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ် တို့နှင့် နှိုင်းယှဉ်ပါက မြန်မာ့ ကော်ဖီသည် နည်းပညာ အားနည်းခြင်း၊ သတင်း အချက်အလက် ဖလှယ်မှု လိုအပ်ချက်များ ရှိနေခြင်း၊ ပြည်ပ ဈေးကွက် ဝေစု အားနည်းခြင်း တို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေဆဲ ဖြစ်ကြောင်းလည်း သူကဆိုသည်။

“ကော်ဖီက သွင်းကုန် အစားထိုး ပစ္စည်း သာမက နိုင်ငံခြား ဝင်ငွေ ရှာပေးတဲ့ သီးနှံ တခု ဖြစ်တဲ့အတွက် လုပ်နိုင်ရင် လုပ်နိုင် သလောက် တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရက မူဝါဒ ဆိုင်ရာနဲ့ ပုဂ္ဂလိ က ဘက်ကလည်း ဟန်ချက် ညီညီ အတူတကွ လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် သွားနိုင်ဖို့ လိုအပ်ပါ တယ်” ဟု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကော်ဖီနှင့် ပတ်သက်၍ ဘိန်းအစားထိုး သီးနှံအဖြစ် ဘုရင်၏ စီမံကိန်းတခု အနေဖြင့် ချမှတ်ကာ မြောက်ပိုင်းဒေသများ ဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင် စသည့် ပြည်နယ်များတွင် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်မှုများ ပြုလုပ်လျှက်ရှိပြီး၊ ဒွိုင်ချန်း၊ ဒွိုင်တုံး စသည့် တောင်တန်းများပေါ်တွင် အာရေဗီကာ ကော်ဖီစိုက်ပျိုး၍ တောင်တန်းသား များ၏ ဘဝကို လက်တွေ့လုပ်ဆောင်ပေးလျှက်ရှိသည်။

လက်ရှိ မြန်မာ့ ကော်ဖီ ကဏ္ဍ၌ တနိုင်တပိုင် ထုတ်လုပ်ခြင်းက အရေအတွက် အများဆုံး ဖြစ်၍ ထိုသူများ အတွက် ငွေကြေး၊ နည်းပညာတို့ ပံပိုးခြင်းဖြင့် အကာအကွယ်ပေးရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်၂ နှစ် အတွင်း ထုတ်လုပ်မှု တိုးတက်လာခြင်း၊ ပြည်ပ ဈေးကွက်သစ် များ ပေါ်ထွက်လာခြင်း တို့သည်လည်း ဖွံ့ဖြိုးမှု အတွက် အလားအလာကောင်းများ ဖြစ်သည်ဟု ဒုသမ္မတ က ဆိုသည်။

ယခုနှစ် အတွင်း ကော်ဖီ ၁ တန်လျှင် ငွေကျပ်၂၅ သိန်းမှ သိန်း ၄၀ ဝန်းကျင် ဈေးနှုန်း ရှိပြီး ပြည်ပ တင်ပို့သည့် ပထမ တန်းစား ကော်ဖီမှာ သိန်း ၁၀၀ ဝန်းကျင်နှင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေး အတက်အကျ မရှိသော်လည်း ဝယ်လိုအား ကျသွားကြောင်း ကော်ဖီစိုက် တောင်သူများ က ပြောသည်။

ရွာငံ မြို့နယ် ကော်ဖီ အသင်း ဥက္ကဋ္ဌ ဦးမောင်နုက “ကော်ဖီဈေးကွက် ကောင်းဖို့ မကောင်းဖို့ထက် ခိုင်မာဖို့ အရေးကြီး ပါတယ်။ အခုက သတ်မှတ်တဲ့ ဈေးကို မရှိဘူး။ ဝယ်သူ ဈေးကွက်ဖြစ်ပြီး သူ အဆင်ပြေသလို ဝယ်တယ်။ နောက်နှစ် အခြေအနေကို မှန်းရခက်တော့ တောင်သူအတွက် အာမခံချက် နည်းတယ်။ ဒါကြောင့် နိုင်ငံတော်ကနေ ဈေးကွက် ခိုင်မာအောင် လုပ်ပေးပြီး တောင်သူတွေကို ယုံကြည်မှု ရှိအောင် လုပ်ပေးစေချင်တယ်။ ဒါမှလည်း စိုက်ပျိုးရေးရဲ့ အခြေခံ ဖြစ်တဲ့ တောင်သူက စိုက်ချင်လာမယ်” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ မြန်မာ့ ကော်ဖီအား အိမ်နီးချင်း ထိုင်း၊ တရုတ် နိုင်ငံများ အပြင် အမေရိကန်နှင့် အနောက် ဥရောပ နိုင်ငံများသို့ နှစ်စဉ် တန်ချိန် ၁၀၀၀ ခန့် တင်ပို့လျက် ရှိပါသည်။

Read more @ Source: http://rails5.deepindex.info/documents/5cdc9a44a2119c000b3165f9

Myanmar: Once… the Rice Bowl of Asia!