ပြည်ပ ဝယ်လိုအားများလာ၍ မတ်ပဲ နှင့် ပဲစင်းငုံ ဈေးမြင့်တက်

အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများက မြန်မာနိုင်ငံမှ ပဲများကိုဝယ်ယူမှု မြင့်တက် နေသဖြင့် ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံ ဈေးများသည် တတန်လျှင် ကျပ် ၁၀ သိန်းကျော်အထိ ဈေးတက်နေကြောင်း ပဲနှမ်းကုန်သည်များ ထံမှ သိရသည်။

အိန္ဒိယနိုင်ငံတွင် ရာသီဥတု အခြေအနေကြောင့် ပဲအထွက်နှုန်းလျော့ကျခြင်းနှင့် ပြည်ပမှ ပဲတင်သွင်းခွင့်ကို ဇွန်လ အတွင်းမှသာ ခွင့်ပြုမည်ဖြစ်ခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံအတွင်း ပဲဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်းသိရသည်။

ထို့ကြောင့် အိန္ဒိယထက် ဈေးသက်သာသော မြန်မာဈေးကွက်တွင် ပြည်ပနိုင်ငံများ၏ ဝယ်လိုအားမြင့်တက်လာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မြတ်စိုးက ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ မြတ်စိုး က “အိန္ဒိယက ဇန်နဝါရီလကုန်က စပြီး မြန်မာနိုင်ငံက မဝယ်တော့တဲ့အတွက် သူ့ဆီမှာ ဈေးတက် နေတာ။ အိန္ဒိယကလည်း ပြည်ပက တင်သွင်းဖို့ကို ဇွန်လ ၁၀ ရက်နေ့မှ စမှာ ဆိုတော့ အဲ့ဒီအတွက်ကို ဝယ်နေ တာကြောင့်လဲ ဒီမှာလာပြီး ဈေးတက်နေတာ” ဟု ဆိုသည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် အိန္ဒိယနိုင်ငံက ပြည်ပမှ ပဲတင်သွင်းခွင့်ကို ကန့်သတ်ခဲ့သည့်အတွက် မြန်မာပဲဈေးနှုန်း များသည် စံချိန်တင် ကျဆင်းခဲ့ပြီး လယ်သမားနှင့် ဝယ်ယူသိုလှောင်ထားသော ကုန်သည်များသည် ဆုံးရှုံးမှုများရှိခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်ခန့်တွင် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ ပြည်တွင်း ကုန်သည်များကို အထူးကုန်သွယ်ခွင့် ထုတ်ပေးအပြီး ပဲဈေးနှုန်းများသည် ပြန်လည်မြင့်တက်ခဲ့သည်။

ထပ်မံဖြစ်ပေါ်လာနိုင်သည့် ပဲဈေးကွက် အခြေအနေနှင့် ပတ်သက်ပြီး ဒေါက်တာမြတ်စိုး က “အိန္ဒိယ လိုင်စင်ကဘယ်လို သက်တမ်းပေး မလဲမသိသေးဘူး။ အရင်လို သုံးလပဲပေးမယ်ဆိုရင် ဈေးပြန်ကျသွားနိုင်တယ်။ မြန်မာနိုင်ငံက တောင်း ဆိုထားတာတော့ တနှစ်လုံးပေးသွင်းဖို့ပေါ့။ သူ့ပေးသွင်းမယ့် ပါမစ်သက်တမ်း အပေါ်မူတည်တယ်” ဟု ဆိုသည်။

၂၀၁၇ ခုနှစ်ထဲတွင် အိန္ဒိယနိုင်ငံရဲ့ ပြည်ပမှ ပဲတင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကြောင့် မတ်ပဲ နှင့် ပဲစင်းငုံ ဈေးနှုန်းများ သည် တတန်လျှင် ကျပ်သုံးသိန်းခွဲ နှင့် ကျပ်သုံးသိန်း ဝန်းကျင်အထိ သို့ စံချိန်တင်ကျဆင်းခဲ့ပြီး ယခုနှစ်တွင် မတ်ပဲ အာရ်စီ တတန်လျှင် ကျပ် ၉သိန်းကျော်မှ ၁၀ သိန်းဝန်းကျင်ရှိပြီး ပဲစင်းငုံ (အဟောင်း) တတန်လျှင် ကျပ် ၉ သိန်းခွဲကျော် နှင့် ပဲစင်းငုံ (အသစ်) တတန်လျှင် ကျပ် ၁၀ သိန်းကျော်အထိရှိကြောင်း သိရသည်။

ယခင်နှစ်များတွင် အိန္ဒိယနိုင်ငံ၏ မူဝါဒအပြောင်း အလဲများကြောင့် ပြည်တွင်းပဲစိုက်တောင်သူများ အနေဖြင့်လည်း ထုတ်လုပ်မှုလျှော့ချခဲ့ခြင်းကြောင့် ယခုနှစ်တွင် မတ်ပဲ တန်ချိန် သုံးသိန်းကျော် နှင့် ပဲစင်းငုံတန်ချိန် ငါးသောင်းကျော် သာ ထွက်ရှိခဲ့သည့် အခြေအနေတွင် ပြည်ပက ဝယ်လိုအားလိုက်လာခြင်းကြောင့် ပဲဈေးနှုန်များ ကောင်းလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

ဦးမင်းကိုဦး က “မတ်ပဲက အိန္ဒိယနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံပဲ စိုက်တာဆိုတော့ သူတို့ လိုအပ်ချက်အပြင် အခြား နိုင်ငံတွေကလည်း လိုအပ်ချက်ရှိတော့ မတ်ပဲက ဒီနှစ်မှာ တန်ချိန် သုံးသိန်းလောက်ကိုလည်း ထိန်းထားနိုင်တော့ ဈေးကောင်းပိုရတဲ့ အခြေအနေပါ” ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်၍ “ဒီနှစ် ပဲဈေးကွက် အရမ်းကောင်းလာမလား ဆိုတာတော့ ပြောဖို့ စောပါသေးတယ်။ ကျနော်တို့ ဇွန်လလောက်မှ ခန့်မှန်းလို့ရနိုင်မယ်” ဟု ပြောဆိုသည်။

မြန်မာဈေးကွက်မှ မတ်ပဲနှင့် များကို ယခုမေလအတွင်း သီတင်းပတ်တပတ်လျှင် တန်ချိန် ၉၀၀၀ ဝန်းကျင်အထိ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံက ပြည်ပက ပဲတင်သွင်းခွင့်ကို ကိုဒါစနစ်ဖြင့် မတ်ပဲ တန်ချိန် တသိန်းခွဲ၊ ပဲတီစိမ်း တန်ချိန် တသိန်းခွဲ နှင့် ပဲစင်းငုံ တန်ချိန် နှစ်သိန်း အထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Source: https://burma.irrawaddy.com/news/2019/05/23/192301.html

Myanmar: Once… the Rice Bowl of Asia!